International News

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုအား ၁-၉-၂၀၂၅ ရက်နေ့မှစ၍ ရက်ပေါင်း ၆၀ ရပ်ဆိုင်းမည်ဖြစ်

Last Updated:

     ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုအား ၁-၉-၂၀၂၅ ရက်နေ့မှစ၍ ရက်ပေါင်း ၆၀ ရပ်ဆိုင်းမည်ဖြစ်ကြောင်း သမ္မတမားကို့စ်ဂျူနီယာမှ ၎င်း၏အိန္ဒိယနိုင်ငံသို့ ၄-၈-၂၀၂၅ မှ ၈-၈-၂၀၂၅ ရက်နေ့ထိ သွားရောက်နေသည့် နိုင်ငံတော်ခရီးစဉ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် သီးသန့်အစည်းအဝေးပြုလုပ်၍ အမိန့်ညွှန်ကြားချက်အား ၆-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ဆန်တင်သွင်းမှု ရက်ပေါင်း ၆၀ ရပ်ဆိုင်းရခြင်းမှာ လက်ရှိ စပါးရိတ်သိမ်းချိန်ကာလအတွင်း စပါး (Palay) ဈေးနှုန်းကျဆင်းခြင်းကြောင့် ပြည်တွင်းဆန်တောင်သူများ၏ အကျိုးစီးပွားထိခိုက်မှု လျော့ပါးသက်သာစေရန်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။ 
     ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ အကြံပြုတင်ပြခဲ့သည့်အချက် ၂ နှစ်မှာ စပါးရိတ်သိမ်းချိန်ကာလတွင်း ပြည်တွင်းတောင်သူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်စေရန် ဆန်တင်သွင်းမှုအား ခေတ္တရပ်ဆိုင်းပေးရန်နှင့် ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထားအား တဖြည်းဖြည်းတိုးမြှင့်သွားရန် ဖြစ်ပါသည်။ ဆန်တင်သွင်းမှုအား ရက်ပေါင်း ၆၀ ရပ်ဆိုင်းသွားမည့် မူဝါဒအား ဦးစွာ အတည်ပြုညွှန်ကြားခဲ့ခြင်းဖြစ်ပါကြောင်းနှင့် ဆန်တင်သွင်းမှုအပေါ် အခွန်တိုးမြှင့်ကောက်ခံသွားရန်ကိုမူ ညှိနှိုင်းဆွေးနွေးသွားဦးမည်ဖြစ်ပြီး မတတ်သာသည့်နောက်ဆုံးသောအခြေအနေရောက်ရှိမှသာ အသုံးပြုသွားမည့်မူဝါဒတစ်ခုဖြစ်ကြောင်း သမ္မတမားကို့စ်ဂျူနီယာမှ ပြောကြားထားသည်ကို တွေ့ရှိရပါသည်။ 
    လာမည့်စက်တင်ဘာလတွင် စတင်မည့် စပါးရိတ်သိမ်းချိန်တွင် စပါးဈေးနှုန်းများမှာ ဆက်တိုက်ကျဆင်းလျက်ရှိနေဦးမည်ဆိုပါက တောင်သူများ အရှုံးနှင့်ရင်ဆိုင်ရနိုင်ခြေရှိပါကြောင်း၊ နှစ်စဉ်အားဖြင့် စပါးဈေးနှုန်းမှာ တစ်ကီလိုလျှင် ၆ ပီဆိုနှုန်းဖြင့် ကျဆင်းနေခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ပထမ ၆ လပတ်အတွင်း  ပြည်တွင်းဆန်တောင်သူများ၏ အရှုံးမှာ ပီဆို ၅၄.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါးခန့်) ရှိခဲ့ပြီဖြစ်ကြောင်း Federation of Free Farmer (FFF) မှ ပြောကြားထားပါသည်။ ထိုကဲ့သို့ တောင်သူများအရှုံးနှင့်ရင်ဆိုင်ရခြင်းမှာ အခွန်နှုန်းလျော့ကျခြင်းကြောင့် ဆန်တင်သွင်းမှုပမာဏမြင့်မားလာခြင်းနှင့် စပါးဈေးနှုန်းများ ကျဆင်းလာခြင်းကြောင့် တောင်သူများရောင်းချရမှု ကျဆင်းလာသဖြင့် လက်ကျန်သယ်ယူလာသည့်ပမာဏများ (carry over rice stocks) တဖြည်းဖြည်း မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်သည်။ 
Source: (ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News